လှိုင်မြို့နယ်တွင် ရာအိမ်မှူး တစ်ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၊ သုံးခွမြို့နယ် ရေပေါ်ကန် ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးတို့ကို သေနတ်ဖြင့် ပစ်သတ်

လှိုင်မြို့နယ်တွင် ရာအိမ်မှူး တစ်ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၊ သုံးခွမြို့နယ် ရေပေါ်ကန် ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးတို့ကို သေနတ်ဖြင့် ပစ်သတ်
ပုံစာ - လှိုင်မြို့နယ် ဘုရင့်နောင် ၁၀ လမ်းတွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့်  ၃ ရပ်ကွက် ရာအိမ်မှူး၏  အိမ်ရှေ့‌တွင် နာရေးပြုလုပ်ထားစဉ်။
ပုံစာ - လှိုင်မြို့နယ် ဘုရင့်နောင် ၁၀ လမ်းတွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့်  ၃ ရပ်ကွက် ရာအိမ်မှူး၏  အိမ်ရှေ့‌တွင် နာရေးပြုလုပ်ထားစဉ်။
Published 4 February 2023

လှိုင်မြို့နယ်တွင် ရာအိမ်မှူးတစ်ဦးနှင့် အရံမီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၊ သုံးခွမြို့နယ် ရေပေါ်ကန် ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦးတို့ကို သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ်၊ ၃ ရပ်ကွက်၊ ဘုရင့်နောင် ၁၀ လမ်းတွင် နေထိုင်သည့် ရာအိမ်မှူး ဦးမင်းဇော် ၅၄ နှစ်သည်ဖေဖော်ဝါရီ ၄ ရက် နံနက် ၆ နာရီခန့်တွင် ယင်းလမ်းအတွင်း၌ သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း အဆိုပါရပ်ကွက်တွင် နေထိုင်သူများ၏ ပြောကြားချက်အရ သိရသည်။

ရာအိမ်မှူး ဦးမင်းဇော်သည် ထမင်းကြော်ရောင်းချသူတစ်ဦးဖြစ်ပြီး ဆိုက္ကားငှားကာ နံနက်ပိုင်း ထမင်းကြော်ဆိုင်ဖွင့်ရန် သွားနေစဉ် သေနတ်ဖြင့်ပစ်သတ်ခံရပြီး ဆိုက္ကားမောင်းနှင်သူလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ် ၃ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက " သေနတ်နဲ့အပစ်ခံရတာ ဒီ ၁၀ လမ်းထဲမှာပဲ။ ထမင်းကြော်ရောင်းတယ်။ ဆိုင်ဖွင့်ဖို့သွားရင်း အပစ်ခံရတာ။ အခုသူ့အိမ်ရှေ့မှာ နာရေးလုပ်ထားတယ်။ ဆိုက္ကားဆရာလည်း ဒဏ်ရာရသွားတယ် " ဟုပြောကြားခဲ့သည်။

ထို့ပြင် လှိုင်မြို့နယ်၊ ၁ ရပ်ကွက်၊ ဇေယျမင်္ဂလာ ၂ လမ်းတွင်‌ မြို့နယ်အရံမီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ဖေဖော်ဝါရီ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က သေနတ်ဖြင့် ပစ်သတ်သွား‌ကြောင်း အဆိုပါရပ်ကွက်တွင် နေထိုင်သူများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါအရန် မီးသတ်တပ်ဖွဲ့ဝင်သည် ဦးလူအေးဆိုသူဖြစ်ကာ ယင်းလမ်းအတွင်း နေထိုင်သူဖြစ်ပြီး နေအိမ်တိုက်ခန်းက ဆင်းလာစဉ် အမည်မသိသူနှစ်ဦးက သေနတ်ဖြင့်အနီးကပ် ပစ်သတ်သွားကြောင်း သိရသည်။

ဆက်လက်၍ သုံးခွမြို့နယ်၊ ရေပေါ်ကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလင်းကို ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က  သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွားခဲ့ကြောင်း သုံးခွမြို့နယ်နေသူများထံမှ သိရသည်။

ရေပေါ်ကန်ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလင်း  သည် နေအိမ်ခြံဝင်းအတွင်း ရှိနေစဉ်အမည်မသိသူအချို့က  သေနတ်ဖြင့် ပစ်သတ်သွား‌‌ကြောင်း၊ သေနတ်ကျည်ထိ ဒဏ်ရာ အများအပြားရရှိခဲ့ကာ သေဆုံးသွားကြောင်း သိရသည်။

သုံးခွမြို့နယ်တွင် နေထိုင်သူတစ်ဦးက " ကျေးရွာအုပ်ချုပ်ရေးမှူးက အသက်မကြီးသေးဘူး။ လူလတ်ပိုင်းထဲကပဲ။ အိမ် ခြံဝင်းထဲမှာ ရှိနေတုန်း လာပစ်သွားတာ။ သေဆုံးသွားတယ် " ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent