ထရန့်က Nvidia စီအီးအိုဟောင်း ဂျန်ဆန်ဟွမ်ကို နောက်တစ်ကြိမ်အခွင့်အရေးပေးသင့်ဟု ဆို

ထရန့်က Nvidia စီအီးအိုဟောင်း ဂျန်ဆန်ဟွမ်ကို နောက်တစ်ကြိမ်အခွင့်အရေးပေးသင့်ဟု ဆို

AI ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီ Nvidia အနေဖြင့် စီအီးအိုဟောင်း ဂျန်ဆန်ဟွမ်ကို ပြန်လည်ခေါ်ယူရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က နိုဝင်ဘာ ၂၀ ရက်တွင် တိုက်တွန်းပြောကြားလိုက်သည်။

ဂျန်ဆန်ဟွမ်သည် အိမ်ထောင်ရေးဖောက်ပြန်မှု သတင်းများ ထွက်ပေါ်လာပြီးနောက် ပြီးခဲ့သည့်သီတင်းပတ်တွင် Nvidia စီအီးအိုရာထူးမှ နုတ်ထွက်ခဲ့သည်။ တရုတ်သူလျှိုဟု စွပ်စွဲခံထားရသူအမျိုးသမီး အဲလစ်ဟွမ်နှင့် ပတ်သက်ခဲ့မှု၊ ယင်းအမျိုး သမီးက တရုတ်နိုင်ငံသို့ပို့ဆောင်ခွင့် ကန့်သတ်ထားသည့် ချစ်ပ်များ ရောက်ရှိစေရန် ကူညီပေးခဲ့မှု စသည့်သတင်းများ အပြင် ဂျန်ဆန်ဟွမ်က အခြားအမျိုးသမီးနှစ်ဦးနှင့်ပါ ပတ်သက်ခဲ့သည်ဆိုသည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။

သို့သော်ထရန့်က ဂျန်ဆန်ဟွမ်ကို လူကောင်းတစ်ယောက်၊ ဆုံးဖြတ်ချက်အချို့ မှားသွားခြင်းသာဖြစ်သည်ဟု ကာကွယ် ပြောဆိုခဲ့သည်။ “သူ ပြန်လာတာကို ကျွန်တော် အရမ်းမြင်ချင်တယ်။ သူက ကမ္ဘာပေါ်မှာ တကယ်ထူးချွန်တဲ့ ဉာဏ်ကြီးရှင် တွေထဲက တစ်ယောက်ပါ။ သူ့ကို နောက်တစ်ကြိမ်အခွင့်အရေး ပေးတာကို မြင်ချင်တယ်” ဟု ထရန့်က သတင်းထောက် များအား ပြောသည်။

“ဂျန်ဆန်ဟွမ်အနေနဲ့ ကုမ္ပဏီကို လေးလေးနက်နက် တောင်းပန်ပြီး ပြန်သွားစေချင်တယ်။ ဘာလို့လဲဆိုတော့ သူက Blackwell လိုအရာမျိုးကို ဖန်တီးနိုင်ခဲ့တဲ့သူ” ဟု ထရန့်ကပြောသည်။ Blackwell သည် Nvidia ထုတ် အဆင့်မြင့်ဆုံး AI ချစ်ပ်ဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက တရုတ်သမ္မတ ရှီကျင်းပင်နှင့် ထိပ်သီးအစည်းအဝေးအတွင်း ဂျန်ဆန်ဟွမ်ကိစ္စကို ပြောဖြစ်ခဲ့ပြီး ရှီက ဂျန်ဆန်ဟွမ်ကို အမှန်တကယ်ထူးချွန်သူဟု ချီးကျူးခဲ့ကြောင်း ထရန့်က ပြောသည်။ ဂျန်ဆန်ဟွမ်ကိုယ်တိုင်လည်း ကုမ္ပဏီ တွင် ပြန်လည်လုပ်ကိုင်လိုကြောင်း ထုတ်ပြောလာသော်လည်း Nvidia ဘုတ်အဖွဲ့က ၄င်းကိုပြန်လည်ခန့်အပ်ရန် အစီအစဉ် မရှိဟု အတည်ပြုကြေညာခဲ့သည်။

Ref: AFP, Photo:AP

 

Most Read

Most Recent