သုံးနှစ်မှ တစ်ကြိမ်သာ လှည့်လည်အပူဇော်ခံသည့် ပြည်မြို့ ရွှေဆံတော်စေတီတော်၏ ၁၂၇ ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းလှည့်လည်ပူဇော်ပွဲ ကျင်းပ

သုံးနှစ်မှ တစ်ကြိမ်သာ လှည့်လည်အပူဇော်ခံသည့် ပြည်မြို့ ရွှေဆံတော်စေတီတော်၏ ၁၂၇ ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းလှည့်လည်ပူဇော်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ၁၂၇ ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းလှည့်လည်အပူဇော်ခံပွဲကို မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်၊ နိုဝင်ဘာ ၂၂ ရက် နံနက်အစောပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်မြို့တွင် သုံးနှစ်မှ တစ်ကြိမ်သာ ဗုဒ္ဓမြတ်စွယ်တော်ကို မြို့တွင်းသို့ လှည့်လည်အပူဇော်ခံခြင်းဖြစ်ပြီး ယခုနှစ်တွင်လည်း ယာယီစံကျောင်းတော်မှ ပင့်ဆောင်လာသည့် ဗုဒ္ဓမြတ်စွယ်တော်ကို မြို့တွင်းသို့ လှည့်လည်အပူဇော်ခံခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းလှည့်လည်ပူဇော်ပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် ဇနီး၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။

ပြည်မြို့၊ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ၂၆၁၅ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ၁၂၇ ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲကို နိုဝင်ဘာ ၁၇ ရက်မှ ၂၆ ရက်အထိ ကျင်းပလျက်ရှိပြီး ပွဲတော်ဖွင့်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို နိုဝင်ဘာ ၁၇ ရက်က ကျင်းပခဲ့ကာ သံဃာတော် ၁၀၈ ပါးအား ဆွမ်းဆန်စိမ်းများ လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။

ဗုဒ္ဓမြတ်စွယ်တော်အား မြို့တွင်းလှည့်လည်အပူဇော်ခံပွဲအပြီး နိုဝင်ဘာ ၂၃ ရက်မှ ၂၆ ရက်အထိ ဗုဒ္ဓမြတ်စွယ်တော်ကို ပြည်မြို့ ရွှေဆံတော်စေတီတော်ရင်ပြင်ရှိ ကျားပျံမကောက်ဓမ္မာရုံတွင် အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန် အပူဇော်ခံထားရှိမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်ဖြစ်သည့် နိုဝင်ဘာ ၂၆ ရက် ညပိုင်းတွင် ၂၆၁၅ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော် အောင်ပွဲအခမ်းအနားနှင့် ၁၂၇ ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ကို ဘဏ္ဍာတိုက်အတွင်း ပြန်လည်ကိန်းဝပ်ပူဇော်ပွဲ ရေစက်ချမင်္ဂလာအခမ်းအနားတို့ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲတော်ကာလအတွင်း ဈေးဆိုင်ခန်းများနှင့် ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပလျက်ရှိကြောင်း သိရသည်။

ဇော်ဝင်းချစ် (တောင်ငူ)

Most Read

Most Recent