တောင်ငူမြို့တွင် (၉၅) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်ပူဇော်ပွဲ ကျင်းပ

တောင်ငူမြို့တွင် (၉၅) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်ပူဇော်ပွဲ ကျင်းပ

တောင်ငူမြို့နယ်လုံးဆိုင်ရာ (၉၅) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်ပူဇော်ပွဲကို မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်၊ နိုဝင်ဘာ ၂၂ ရက် ညနေ ၄ နာရီတွင် မဟာမုနိကေလဇာတီဘုရား အနောက်မုခ်မှ စတင်ထွက်ခွာ၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်ပူဇော်ပွဲအား တောင်ငူမြို့ပေါ်ရပ်ကွက်၊ လမ်းများအတွင်း သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း မြို့တွင်းသို့ လှည့်လည်အပူဇော်ခံမည်ဖြစ်ကြောင်း သိရသည်။

နှစ်ကျိပ်ရှစ်ဆူဘုရားများ လှည့်လည်အပူဇော်ခံပွဲ မကျင်းပမီ ဘုရားအမှတ်စဉ်အလိုက် ပင့်ဆောင်ပူဇော်ခွင့် ရရှိသည့် ရပ်ကွက်များနှင့် အသင်းအဖွဲ့များက သက်ဆိုင်ရာဘုရားများကို သတ်မှတ်ထားသည့် မဏ္ဍပ်၊ ဓမ္မာရုံ၊ အုပ်ချုပ်ရေးမှူးရုံးနှင့် နေအိမ်များတွင် ကြိုတင်ပင့်ဆောင်ထားရှိကာ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် အပူဇော်ခံထားရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ကြိုတင်အပူဇော်ခံထားရှိစဉ်အတွင်း သတ်မှတ်နေရာများ၌ ဘုရားများအား ပြင်ဆင်ပူဇော်ထားရှိမှု အခြေအနေများကို အကဲဖြတ်ဒိုင်အဖွဲ့ဝင်များက လိုက်လံစစ်ဆေးအမှတ်ပေးခဲ့ကြကြောင်း သိရသည်။

အကဲဖြတ်စစ်ဆေးရာတွင် သက်ဆိုင်ရာ ရပ်ကွက်နှင့် အသင်းအဖွဲ့များ၏ ဘုရားပင့်ဆောင်ထားရှိသည့် နေရာ၊ မဏ္ဍပ်အပြင်အဆင်၊ နေ့စဉ်တာဝန်ချထားမှုနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့ပြင် ဘုရားများ၏ တင့်တယ်သပ္ပာယ်မှုအပိုင်းတွင် ဘုရားပန်း၊ သောက်တော်ရေ၊ ဆီမီး၊ အမွှေးတိုင်၊ ဆွမ်း၊ သစ်သီးနှင့် ကန်တော့ပွဲများ ဆက်ကပ်ပူဇော်ထားရှိမှု၊ ရွက်ဖတ်ပူဇော်မှုများအပြင် သတ်မှတ်စံနှုန်းများအလိုက် အကဲဖြတ်မှတ်ချက်နှင့် ရမှတ်များကို မှတ်တမ်းတင်ကာ အမှတ်ပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်ပူဇော်ပွဲလှည့်လည်သည့်နေ့တွင် အကဲဖြတ်အမှတ်ပေးမည့် နေရာများအဖြစ် ဗဟိုမဏ္ဍပ်၊ ဦးမှန်းလမ်းနှင့် ဘုရားလမ်း၊ ထောင်လမ်းထောင့်တို့ကို သတ်မှတ်ထားကြောင်း သိရသည်။

ပွဲတော်တွင် အကဲဖြတ်ဒိုင်အဖွဲ့၏ စစ်ဆေးအမှတ်ပေးမှုရလာဒ်များအရ ဆုရရှိသည့် ဘုရားများကို တန်ဆောင်မုန်းလပြည့်နေ့ညတွင် ဗဟိုမဏ္ဍပ်၌ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ၍ ဆုများအသီးသီး ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ဝင်းချစ်(တောင်ငူ)

Most Read

Most Recent