■ ပုံဝိုင်းလောင်းကစားဝိုင်းအပါအဝင် လောင်းကစားမှုများအားလုံးကို ဖော်ထုတ်ဖမ်းဆီး အရေးယူသွားမည်ဟု မန္တလေးတိုင်းအစိုးရအဖွဲ့မှ  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ပြောကြား

■ ပုံဝိုင်းလောင်းကစားဝိုင်းအပါအဝင် လောင်းကစားမှုများအားလုံးကို ဖော်ထုတ်ဖမ်းဆီး အရေးယူသွားမည်ဟု မန္တလေးတိုင်းအစိုးရအဖွဲ့မှ  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ပြောကြား
Published 29 September 2026

 ပုံဝိုင်းလောင်းကစားဝိုင်းအပါအဝင် လောင်းကစားမှုများအားလုံးကို ဖော်ထုတ်ဖမ်းဆီး အရေးယူသွားမည်ဟု မန္တလေးတိုင်းအစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက  စက်တင်ဘာလ၂၉ရက်၌  ကျင်းခဲ့သည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။

စတုတ္ထပုံမှန်အစည်းအဝေးတွင် အောင်မြေသာစံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)ဦးကျော်ဆန်းက "  မန္တလေးမြို့ပေါ်ရှိတစ်ချို့သောရပ်ကွက်များတွင် ပုံဝိုင်းလောင်းကစားဝိုင်းများအား အရေးယူဆောင်ရွက်ပေးရန် အစီစဉ်ရှိမရှိ"ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

" ပုံဝိုင်းလောင်းကစားတွေဟာဆိုရင် တခြားသောလောင်းကစားတွေလိုမဟုတ်ဘဲ လမ်းဘေးမှာ ပေါ်ပေါ်ထင်ထင် လူအုပ်စုနဲ့ကစားနေတာတွေကို တွေ့ရှိနေရပါတယ်။ အဲဒီထဲမှာ အမျိုးသမီးအများစုပါဝင်နေတာတွေ့ရပြီး တစ်ချို့နေရာတွေမှာဆိုရင် စျေးနဲ့မနီးမဝေးတွေမှာ ပုံဝိုင်းလောင်းကစားလုပ်တယ်။ အဲတော့စျေးဝယ်သွားတဲ့အိမ်ရှင်မကလည်း စျေးဖိုးလေးများတိုးတိုးဆိုပြီး လောင်းကစားဝိုင်းကိုဝင်ပြီး လုပ်တယ်။လက်ဗလာနဲ့ ဘာမှမဝယ်ဘဲပြန်သွားရတဲ့အိမ်ရှင်မတွေရှိလာတော့ အိမ်ထောင်ရေးပြသနာတွေ တက်ကြရတဲ့ထိရှိ လာကြတယ်။​ ဒါကြောင့် ဒီလောင်းကစားတွေ ပပျောက်ဖို့မေးမြန်းရခြင်းဖြစ်ပါတယ်" ဟု မေးမြန်းသူ လွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဆန်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါမေးခွန်းနှင့်ပတ်သက်ပြီး လုံခြုံရေးနှင့်နယ်စပ်​ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးက လောင်းကစားဝိုင်းများကိုရပ်ကွက်အတွင်း ပြုလုပ်မှုမရှိစေရေးအတွက် မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များအပြင်  သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်း၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အစည်းတို့ဖြင့် ဖော်ထုတ်ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ရာ မန္တလေးမြို့ပေါ်တွင်  ၂၀၂၅ ခုနှစ်၌ လောင်းကစားဥပဒေပုဒ်မ ၁၅ (က )ဖြင့်  အမှု ၁၆ ခု၊ တရားခံ ကျား ၁၆ ဦး မ ၄၅ ဦး စုစုပေါင်း ၆၁ ဦး၊ ၂၀၂၆ ဇန်နဝါရီလအစပိုင်းမှစပြီး စက်တင်ဘာလ ၁၄ ရက်နေ့အထိ လောင်းကစားဥပဒေ ၁၅ (က )ဖြင့်အမှု ၆ ခု တရားခံ ကျား ၆ ဦး၊  မ ၂၂ ဦး၊  စုစု ပေါင်း ၂၈ ဦးကို ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်ပြီးလည်း ပုံဝိုင်းလောင်းကစားဝိုင်းများ အပါအဝင် လောင်းကစားမှုများအားလုံးကို ဖော်ထုတ်ဖမ်းဆီး အရေးယူသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။ 

Most Read

Most Recent