■ မြန်မာအပေါ် ICJ စီရင်ချက်က အစ္စရေးအမှုကို အားကောင်းစေနိုင်ဟု Reuters တွင် ဖော်ပြ

■ မြန်မာအပေါ် ICJ စီရင်ချက်က အစ္စရေးအမှုကို အားကောင်းစေနိုင်ဟု Reuters တွင် ဖော်ပြ

■ နိုင်ငံတကာတရားစီရင်ရေး နိုင်ငံရေးအသုံးချခံနေရသလား

မြန်မာနိုင်ငံအပေါ် ICJ ၏ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စီရင်ချက်သည် အစ္စရေးအပေါ် တောင်အာဖရိကက စွဲဆိုထားသည့် အမှုကို ပိုမိုအားကောင်းစေနိုင်ကြောင်း ဥပဒေပညာရှင်များက သုံးသပ်ခဲ့ရာ ယင်းစီရင်ချက်ကို တောင်အာဖရိကနိုင်ငံသား တရားသူကြီးနှစ်ဦးက ထောက်ခံခဲ့ခြင်းနှင့် တောင်အာဖရိကအစိုးရက ကြိုဆိုခဲ့ခြင်းတို့ကြောင့် နိုင်ငံတကာတရားစီရင်ရေး၏ နိုင်ငံရေးကင်းရှင်းမှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာသည်။

မြန်မာနိုင်ငံက ဘင်္ဂလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ) များကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း နိုဝင်ဘာ ၁၉ ရက်တွင် ICJ က ဆုံးဖြတ်ချက်ခဲ့ပြီးနောက် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အစ္စရေးနိုင်ငံအပေါ် တောင်အာဖရိကက တရားစွဲဆိုထားသည့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ အမှုကို ပိုမိုအားကောင်းစေနိုင်ကြောင်း ဥပဒေရေးရာကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တာဝန်ရှိကြောင်း ဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့သည့် တရားသူကြီး ၉ ဦးအနက် တောင်အာဖရိကနိုင်ငံသား တရားသူကြီးနှစ်ဦး ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်တွင် တောင်အာဖရိကနိုင်ငံသား တရားသူကြီးနှစ်ဦး ပါဝင်ခဲ့ခြင်းသည် အထူးစိတ်ဝင်စားဖွယ်ရာ ဖြစ်လာခဲ့သည်။

အဘယ်ကြောင့်ဆိုသော် တောင်အာဖရိကနိုင်ငံသည် အစ္စရေးနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်ဖြင့် ICJ တွင် သီးခြားတရားစွဲဆိုထားသော နိုင်ငံဖြစ်သောကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ICJ စီရင်ချက်တွင် တောင်အာဖရိကနိုင်ငံသား တရားသူကြီးများဖြစ်သည့် ဒိုင်ယာ လက်ဒီနှင့် နာဗီ ပီလေးတို့နှစ်ဦးစလုံးသည် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်သည့် တရားသူကြီးအများစုနှင့်အတူ ထောက်ခံမဲပေးခဲ့ကြသည်။

 ဒိုင်ယာ လက်ဒီ သည် ICJ ၏ အမြဲတမ်းတရားသူကြီးတစ်ဦးဖြစ်ပြီး နာဗီ ပီလေးသည် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အမှုအတွက် အထူးခန့်အပ်ထားသော တရားသူကြီးဖြစ်သည်။

သို့သော် ၎င်းတို့၏ မဲပေးဆုံးဖြတ်ချက်များသည် တောင်အာဖရိကအစိုးရ၏ တရားဝင်သဘောထားကို ကိုယ်စားပြုခြင်းမဟုတ်သကဲ့သို့ အစ္စရေးနိုင်ငံနှင့်ပတ်သက်သည့် သီးခြားအမှုတွင် ICJ က မည်သို့ဆုံးဖြတ်မည်ကိုလည်း ကြိုတင်ဖော်ပြနေခြင်း မဟုတ်ပေ။

ဂါဇာနှင့် မြန်မာနိုင်ငံတို့မှ ပဋိပက္ခများသည် ဥပဒေကြောင်းအရ ကွဲပြားခြားနားမှုရှိသော်လည်း ICJ တွင် တရားစွဲခံခဲ့ရသည့် အမှုနှစ်ခုစလုံးသည် ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးစာချုပ် (Genocide Convention) အောက်တွင် နိုင်ငံများအနေဖြင့် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ချိုးဖောက်ခဲ့သည်ဟူသော စွပ်စွဲချက်များအပေါ် အခြေခံထားခြင်း ဖြစ်သည်။

ဂါဇာဒေသတွင်း လုပ်ရပ်များနှင့် ပတ်သက်ပြီး အစ္စရေးနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲဆိုထားသည့် တောင်အာဖရိကနိုင်ငံက မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သည့် ICJ ၏စီရင်ချက်ကို ကြိုဆိုခဲ့သည်။

နိုင်ငံတစ်နိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ပထမဆုံးအကြိမ် အတည်ပြုသတ်မှတ်ပေးလိုက်ခြင်းဖြင့် အရေးပါသော စီရင်ထုံးတစ်ခုကို ချမှတ်ပေးနိုင်ခဲ့ကြောင်း တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီး ရော်နယ်လ် လာမိုလာက ပြောကြားခဲ့သည်။

ထို့ပြင် ယင်းဆုံးဖြတ်ချက်သည် ၂၀၂၉ ခုနှစ်မတိုင်မီအထိ အပြီးသတ် လျှောက်လဲကြားနာနိုင်ဖွယ် မရှိသေးသည့် အစ္စရေးအပေါ် စွဲဆိုထားသော အမှုအတွက် အလွန်အရေးပါသော အဓိပ္ပာယ်ရှိကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။

မြန်မာနှင့် အစ္စရေး နှစ်နိုင်ငံစလုံးကမူ ၎င်းတို့ လက်နက်ကိုင်တပ်ဖွဲ့များ၏ လုပ်ရပ်များသည် သောင်းကျန်းမှုများကို တရားဝင် တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ခုခံကာကွယ် ပြောဆိုခဲ့ကြသည်။

သို့သော် အဖွဲ့ဝင် ၁၅ ဦးပါဝင်သည့် တရားသူကြီးအဖွဲ့မှ အများစုဖြစ်သော တရားသူကြီး ကိုးဦးက ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်း လုံခြုံရေးတပ်ဖွဲ့များသည် လူမျိုးတုံးသတ်ဖြတ်မှုမြောက်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

အဆိုပါ စီရင်ချက်သည် မွတ်စလင်အများစု နေထိုင်သည့် နိုင်ငံများကိုယ်စား လွန်ခဲ့သော ခုနစ်နှစ်က ယင်းအမှုကို တရားစွဲဆိုခဲ့သည့် ဂမ်ဘီယာနိုင်ငံအတွက် အခြားသော အရေးပါသည့် ဥပဒေရေးရာ အောင်မြင်မှုများကိုလည်း ရရှိစေခဲ့သည်။

မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးရမည့် တာဝန်ဝတ္တရားအား ပျက်ကွက်ခဲ့ကြောင်း တရားသူကြီးများက တွေ့ရှိခဲ့ပြီး ဘင်္ဂါလီဒုက္ခသည်များ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကာ ပမာဏအတိအကျ သတ်မှတ်မထားသည့် လျော်ကြေးငွေများ ပေးဆောင်ရမည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် ICJ သည် အစုလိုက်အပြုံလိုက် သေဆုံးမှုများနှင့် အဓမ္မပြုကျင့်မှုများက လူမျိုးတုံးသတ်ဖြတ်လိုသည့် ရည်ရွယ်ချက် (genocidal intent) ကို ပြသနေကြောင်း ဖော်ပြထားသည့် ကောက်ချက်အပါအဝင် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အစီရင်ခံစာများမှ ကောက်ချက်များကိုလည်း လက်ခံအတည်ပြုခဲ့သည်။

အဆိုပါ စီရင်ချက်သည် အစ္စရေးနိုင်ငံအပေါ် တောင်အာဖရိကနိုင်ငံက တရားစွဲဆိုထားသည့် အမှုတွင် တောင်အာဖရိကဘက်မှ တင်ပြနိုင်မည့် လျှောက်လဲချက်များကို ပိုမိုကျယ်ပြန့်လာစေနိုင်ကြောင်း အစ္စရေး ဥပဒေပညာရှင် ယူဗယ်လ် ရှန်နီက ပြောကြားခဲ့သည်။

ယင်းစီရင်ချက်ပါ အဆိုပြုချက်များကို အနာဂတ်အမှုများတွင် အသုံးပြုလာကြလိမ့်ဖြစ်ကြောင်း၊ တရားဝင် စစ်ရေးရည်မှန်းချက်များနှင့် လူမျိုးတုံးသတ်ဖြတ်လိုသည့် ရည်ရွယ်ချက်တို့ အတူယှဉ်တွဲတည်ရှိနိုင်သည်ဆိုသည့် အချက်၊မြေပြင်သို့ ကိုယ်တိုင်သွားရောက်ခွင့်မရဘဲ ပြုစုထားသည့် ကုလသမဂ္ဂ အစီရင်ခံစာများက အဆုံးအဖြတ်ပေးနိုင်သည့် အလေးသာမှု ရှိနိုင်သည်ဆိုသည့် အချက်နှင့် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိချက်မရှိဘဲ နိုင်ငံတစ်နိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးရမည့် တာဝန်ဝတ္တရားအား ချိုးဖောက်ရာရောက်နိုင်သည်ဆိုသည့် အချက်တို့များက စံနမူနာများဖြစ်လာနိုင်ကြောင်း ၎င်းကဆိုသည်။

ICJ ၏ စီရင်ချက်က မြန်မာနိုင်ငံတွင် လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိကြောင်း ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့သော်လည်း တရားရုံးတွင် ယင်းကို သက်သေပြရန်မှာ ခက်ခဲနေဆဲဖြစ်ကြောင်း နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (International Crisis Group) မှ အာရှရေးရာ အကြီးတန်းအကြံပေး ရစ်ချတ် ဟော်ဆေးက ပြောကြားခဲ့သည်။

“နိုင်ငံတစ်နိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ICJ က အရင်က တစ်ခါမှ ဆုံးဖြတ်ခဲ့ဖူးခြင်း မရှိပါဘူး။ ဥပဒေရေးရာ စံနှုန်းသတ်မှတ်ချက်က အလွန်မြင့်မားပေမယ့် အခုအမှုက ပြသလိုက်တဲ့အချက်ကတော့ အဲဒီစံနှုန်းတွေကို ကျော်လွှားနိုင်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်" ဟု ဟော်ဆေးက ပြောကြားခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ICJ ၏ စီရင်ချက်ချသည့် ဆုံးဖြတ်ချက်ကို တရားသူကြီး ၆ ဦးကလည်း ကန့်ကွက်မဲပေးခဲ့ကြသည်။

အဆိုပါ တရားသူကြီး ၆ ဦးမှာ  ICJ ဒုတိယဥက္ကဋ္ဌ ဂျူလီယာ ဆီဘူတင်ဒီ (ယူဂန်ဒါ)၊  ပီတာ တွမ်ကာ (ဆလိုဗက်ကီးယား) ၊ ရွန်နီ အေဗရာဟင်မ် (ပြင်သစ်)၊ ရှူဟန်ချင် (တရုတ်) ၊ ဂျော့ချ် နော့ (ဂျာမနီ) နှင့် အထူးခန့်အပ်တရားသူကြီး ကလောက်စ် ခရက်စ် (ဂျာမနီ) တို့ဖြစ်သည်။

ထိုတရားသူကြီး ခြောက်ဦး၏ ပူးတွဲထုတ်ပြန်သည့် ကန့်ကွက်စာတွင် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း ရခိုင်ပြည်နယ်၌ ပြုလုပ်ခဲ့သည့် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများအတွင်း မြန်မာ့လုံခြုံရေးတပ်ဖွဲ့များသည် ဘင်္ဂါလီများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့သည့်အချက်ကို မိမိတို့အနေဖြင့် သံသယဖြစ်ဖွယ် မရှိကြောင်း အစချီ ဖော်ပြထားသည်။

လူမျိုးတုံးသတ်ဖြတ်လိုသည့် ရည်ရွယ်ချက် (genocidal intent) အပေါ် မိမိတို့၏ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ချက်သည် အကာအကွယ်ပေးထားသည့် အစုအဖွဲ့တစ်ခုအား ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် ဇီဝဗေဒဆိုင်ရာအရ ပျက်စီးဆုံးရှုံးခြင်းကို ရည်ညွှန်းသည့် ဖျက်ဆီးခြင်းဟူသော ဝေါဟာရအပေါ် တရားရုံးက အတည်ပြုသတ်မှတ်ထားပြီးဖြစ်သည့် အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်မှ စတင်ပြောကြားလိုကြောင်း ဖော်ပြထားသည်။

စီရင်ချက်တွင် အဆိုပါ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်မှ တရားဝင် သွေဖည်သွားခြင်းမရှိဘဲ ရည်ညွှန်းဖော်ပြထားသော်လည်း အချို့သော စကားလုံးသုံးနှုန်း ဖွဲ့စည်းပုံများမှာ စိုးရိမ်ပူပန်ဖွယ်ရာ ဖြစ်စေကြောင်း ကန့်ကွက်စာတွင် ဖော်ပြခဲ့သည်။

ယခုအမှုတွင် လူမျိုးတုံးသတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ရှိ၊ မရှိ လေ့လာသုံးသပ်ရမည်ဆိုပါက မြန်မာနိုင်ငံဘက်မှ လူမျိုးတုံးသတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ရှိကြောင်း၊ တိုက်ရိုက်သက်သေ အထောက်အထား (direct evidence) မရှိသည့် အခြေအနေတွင် ဂမ်ဘီယာနိုင်ငံအနေဖြင့် အဆိုပါရည်ရွယ်ချက်ကို ကောက်ချက်ချနိုင်ရန် ပတ်ဝန်းကျင်ဆိုင်ရာ ဆက်စပ် သက်သေအထောက်အထားများ (circumstantial evidence) အပေါ်၌သာ မှီခိုအားထားနိုင်မည်ဖြစ်ကြောင်း စီရင်ချက်တွင် မှန်ကန်စွာ ထောက်ပြထားသည်။

တိုက်ရိုက်သက်သေအထောက်အထား (direct evidence) မရှိသည့် အခြေအနေတွင် ဂမ်ဘီယာနိုင်ငံသည် စွပ်စွဲခံထားရသော လုပ်ဆောင်မှုပုံစံ (alleged pattern of conduct) တစ်ရပ်မှနေ၍ တရားရုံးအနေဖြင့် ကောက်ချက်ချပေးရန် တင်ပြတောင်းဆိုသည့် ယူဆချက်အပေါ်၌သာ အဓိက မှီခိုအားထားခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် မြန်မာ့လုံခြုံရေးတပ်ဖွဲများ၏ လုပ်ဆောင်မှုပုံစံကို မည်သို မှန်ကန်စွာ အဓိပ္ပာယ်ဖွင့်ဆိုမည်နည်းဟု ကန့်ကွက်စာတွင် မေးခွန်းထုတ်ခဲ့သည်။

ယခုအမှုတွင် ဆက်စပ်မှုရှိသော လုပ်ဆောင်မှုပုံစံကို ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) ၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည့်အချက်များကိုသာ ကိုးကားဖော်ထုတ်ရမည်ဖြစ်ကြောင်း ဂမ်ဘီယာနိုင်ငံက တင်ပြလျှောက်ထားခဲ့သည်ဟု ကန့်ကွက်စာတွင် ဖော်ပြထားသည်။

ICJ ၏ တရားစီရင်ပိုင်ခွင့်သည် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးစာချုပ် (Genocide Convention) အတွင်း၌သာ ကန့်သတ်ထားကြောင်းနှင့် မိမိတို၏ နိဂုံးချုပ် ကောက်ချက်မှာ မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟူသော အချက်ကို ခိုင်လုံစွာ သက်သေမပြနိုင်သေးကြောင်း ကန့်ကွက်စာတွင် ဖော်ပြခဲ့သည်။ 

Ref: Reuters/ICJ

Most Read

Most Recent